ကိုဗစ်ကာကွယ်ဆေးအတွက် စိန်ခေါ်မှုဖြစ်လာနိုင်ခြေရှိသော ဗီဇပြောင်းမျိုးကွဲအသစ် “Mu” (သို့) “မျူ”
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ဟာ ခုချိန်မှာ “Mu” လို့ခေါ်တဲ့ ကိုဗစ်ဗီဇပြောင်းမျိုးကွဲအသစ်ကို Variants of Interest စာရင်းထဲထည့်သွင်းပြီး စောင့်ကြည့်လေ့လာလျက်ရှိပါတယ်။
Mu ဟာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် Colombia နိုင်ငံ၌ စတင်ဖြစ်ပွါးခဲ့ပြီး နိုင်ငံပေါင်း ၃၉ နိုင်ငံတွင် ဖြစ်ပွားလျက်ရှိကြောင်းသိရှိရပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့ဆိုရင် Mu ကြောင့် ရောဂါဖြစ်ပွားနှုန်းဟာ ၀.၁% သာရှိပြီး Colombia နိုင်ငံတွင် ၃၉% နှင့် Ecuador နိုင်ငံတွင် ၁၃% ဖြင့် ကူးစက်ဖြစ်ပွားနှုန်းမြင့်မားလျက်ရှိပါတယ်။
WHO ၏ ကနဦးရှာဖွေတွေ့ရှိချက်အရ ယခင်က ကိုဗစ်ဖြစ်ဖူး၍သော်လည်းကောင်း ကိုဗစ်ကာကွယ်ဆေးထိုး၍သော်လည်းကောင်း ရရှိထားသောခုခံအားသည် ကိုဗစ်ဗီဇပြောင်းမျိုးကွဲ “Mu” ကို မကာကွယ်နိုင်ကြောင်းယူဆရပြီး နောက်ထပ်လေ့လာမှုအသစ်များ ထပ်မံလုပ်ဆောင်ရန်လိုအပ်သေးကြောင်းဖော်ပြထားပါတယ်။
WHO ဟာ ရောဂါမျိုးကွဲအသစ်တစ်ခုပေါ်ပေါက်လာလျှင် –
Variants of Concern (VOC) (အရေးပေါ်ကိုင်တွယ်ဖြေရှင်းရတဲ့ မျိုးကွဲ)
Variants of Interest (VOI) (စိတ်ဝင်တစားစောင့်ကြည့်ရတဲ့ မျိုးကွဲ) ဆိုပြီးခွဲခြားလေ့လာကြပါတယ်။
Variants of Concern (VOC) ဟာ
-ရောဂါကူးစက်မှုနှုန်း နှင့် ရောဂါဆိုးရွားမှုနှုန်းမြင့်မားခြင်း
-ရောဂါလက္ခဏာများပြောင်းလဲခြင်း
-ဆေးဝါးကုသမှုနှင့် ကာကွယ်ဆေးထိရောက်မှုနည်းပါးခြင်း တို့အပေါ်မူတည်၍ ရောဂါမျိုးစိတ်သတ်မှတ်ပြီး
Variants of Interest (VOI) ကတော့
-မျိုးရိုးဗီဇပြောင်းလဲလာခြင်းအလိုက်ဖြစ်ပေါ်လာသော မျိုးကွဲအသစ်၏ အချက်အလက်များ
-ဗီဇပြောင်းမျိုးကွဲအသစ်ကြောင့် ရောဂါပြန့်ပွားမှု၊ နိုင်ငံအလိုက် ရောဂါဖြစ်ပွါးမှုနှုန်းများကို လေ့လာကြပါတယ်။
လတ်တလောမှာတော့ “Mu” ကို Variants of Interest (စိတ်ဝင်တစားစောင့်ကြည့်ရတဲ့ မျိုးစိတ်ကွဲ) စာရင်းမှာသာထည့်သွင်းလေ့လာနေလျက်ရှိတဲ့အတွက်ကြောင့် ပြည်သူများအနေဖြင့် အလွန်အမင်းစိုးရိမ်ပူပန်မှုမဖြစ်ဘဲ –
ရရှိနိုင်သော ကိုဗစ်ကာကွယ်ဆေးထိုးထားခြင်း
Mask တပ်ခြင်း
လက်ကို ဆပ်ပြာဖြင့် မကြာခဏဆေးပေးခြင်း
နှာချေ၊ ချောင်းဆိုးလျှင် တံတောင်ဆစ်အားအသုံးပြုခြင်း
တစ်ဦးနဲ့ တစ်ဦး ၆ ပေ အကွာတွင်နေခြင်း
လေဝင်လေထွက်ကောင်းမွန်အောင်ထားရှိခြင်း အစရှိသည့် ကိုဗစ်ကာကွယ်ရေးနည်းလမ်းများကို စနစ်တကျလိုက်နာကျင့်သုံးသင့်ကြောင်း တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။
References:
Lovelace, B. (2021, September 2). CNBC. Retrieved from https://www.cnbc.com/…/who-says-it-is-monitoring-a-new…
UN. (2021, September 1). United Nations. Retrieved from https://news.un.org/en/story/2021/09/1098942
WHO. (2021, September 2). World Health Organization. Retrieved from https://www.who.int/…/act…/tracking-SARS-CoV-2-variants/