အမေးများသော ကိုဗစ်ကာကွယ်ဆေးအကြောင်း (Sinovac & Sinopharm)

📌အမေးများသော ကိုဗစ်ကာကွယ်ဆေးအကြောင်း (Sinovac & Sinopharm)

🗣Zifam Myanmar Facebook Fan များအမေးများသောကြောင့် ကိုဗစ်ကာကွယ်ဆေးများအကြောင်းကို ကျန်းမာရေးဗဟုသုတ ရရှိစေရန်ရည်ရွယ်ပြီး တင်ဆက်ပေးခြင်းဖြစ်ပါတယ်။

မည်သည့်နိုင်ငံမှထုတ်လုပ်သည့် ကာကွယ်ဆေး၊ မည်သည့်ကုမ္ပဏီ၊ မည်သည့်အဖွဲ့အစည်း နှင့် ဆေးဝါးများကို Marketing သဘောအနေဖြင့် ရည်ရွယ်တင်ဆက်ခြင်းမဟုတ်ပါ။

❓ဘယ်သူတွေကို ဦးစားပေးထိုးသင့်ပါလဲ?

🔰ဆေး(၂)မျိုးလုံးကတော့ ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့သူတွေ၊ ကိုဗစ်နဲ့ထိတွေ့မှုအန္တရာယ်များတဲ့သူတွေ၊ သက်ကြီးရွယ်အိုပိုင်းတွေကို အဓိက ဦးစားပေးထိုးထားသင့်ပါတယ်။

(၁၈)နှစ်အောက်အရွယ်တွေမှာတော့ လေ့လာစမ်းသပ်ထားတဲ့ တွေ့ရှိချက်တွေ ခိုင်ခိုင်မာမာမရှိသေးတဲ့အတွက်ကြောင့် ထိုးဖို့ အားမပေးထားပါဘူး။

❓နောက်ထပ်ဘယ်သူတွေ ထိုးထားသင့်ပါသလဲ?

🔰အဝလွန်ရောဂါ၊ နှလုံးရောဂါ၊ အသက်ရှူလမ်းကြောင်းနဲ့ဆိုင်သော တခြားရောဂါအခံရှိတဲ့သူတွေ ထိုးထားသင့်ပါတယ်။

ကိုဗစ်ရောဂါကူးစက်ခံခဲ့ဖူးတဲ့သူတွေကိုလဲ ထိုးပေးလို့ရပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ကိုဗစ်ရောဂါကူးစက်ခံဖူးတဲ့သူတွေဟာ (၆)လ အတွင်း နောက်တစ်ခါထပ်မံကူးစက်ခံရဖို့ အခွင့်အရေး နည်းပါးကြောင်းလဲ တွေ့ရှိရပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) အနေဖြင့် 🤱🏻နို့တိုက်မိခင်တွေမှာလဲ ကိုဗစ်ကာကွယ်ဆေးထိုးထားသင့်ကြောင်းနဲ့ ကာကွယ်ဆေးထိုးထားခြင်းကြောင့် ကလေးနို့တိုက်ခြင်းကိုရပ်လိုက်တာမျိုး မပြုလုပ်ကြဘဲ မိခင်နို့ကို ဆက်လက်တိုက်ကျွေးပေးပါရန် အကြံပေးထားပါတယ်။

🦠HIV ရောဂါပိုးရှိတဲ့သူတွေမှာလဲ ကိုယ်ခံအားနည်းနေတဲ့အတွက်ကြောင့် ကိုဗစ်ရောဂါကို ဆိုးရွားစွားခံစားရနိုင်ပါတယ်။ ကာကွယ်ဆေးအတွက် လေ့လာစမ်းသပ်ချက်တွေမှာ HIV ရောဂါပိုးရှိတဲ့ လူနာတွေ၊ ကိုယ်ခံအားကျဆင်းနေတဲ့လူနာတွေကို ပါဝင်စမ်းသပ်ထားခြင်းမရှိပေမယ့် ကာကွယ်ဆေးထိုးခြင်း၏ ကောင်းကျိုး၊ ဆိုးကျိုးတွေကို နှိုင်းယှဉ်ဆွေးနွေးပြီး ထိုးသင့်ပါတယ်။

❓ဘယ်သူတွေမှာ ကိုဗစ်ကာကွယ်ဆေးမထိုးသင့်ဘူးလဲ?

🔰ကိုဗစ်ကာကွယ်ဆေးတစ်မျိုးမျိုးနဲ့ ဓာတ်မတည့်တဲ့လက္ခဏာဖြစ်ဖူးသူတွေ၊ လတ်တလော ကိုဗစ်ရောဂါလက္ခဏာခံစားနေရတဲ့သူတွေ၊ ကိုယ်အပူချိန် ၃၈.၅’C ထက်များနေတဲ့သူတွေမှာတော့ ကာကွယ်ဆေးမထိုးသင့်ပါဘူး။

❓ကိုယ်ဝန်ဆောင်မိခင်တွေမှာကော ထိုးလို့ရနိုင်ပါသလား?

🔰ကိုယ်ဝန်ဆောင်မိခင်တွေမှာ ကိုဗစ်ကာကွယ်ဆေးအာနိသင်ကောင်းကျိုးနှင့် ဆိုးကျိုးအတွက် လေ့လာစမ်းသပ်ချက်မှတ်တမ်းလုံလုံလောက်လောက်တော့မရှိသေးပါဘူး။

ဒါပေမယ့် 💉ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်ထားမှုဟာ အသည်းယောင်အသားဝါ ဘီပိုးကာကွယ်ဆေး ၊ မေးခိုင်ကာကွယ်ဆေး အစရှိသည့်တို့နဲ့ အလားပုံစံတူတူပဲဖြစ်တဲ့အတွက်ကြောင့် စိတ်ချရနိုင်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ကတော့ ကိုဗစ်အဖြစ်များတဲ့နိုင်ငံတွေမှာ 🤰🏻ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ကာကွယ်ဆေးထိုးခြင်း၏ ကောင်းကျိုး၊ ဆိုးကျိုးကို နှိုင်းယှဉ်ပြီး ထိုးသင့်ကြောင်း အကြံပေးထားပါတယ်။

❓ကိုဗစ်ကာကွယ်ဆေးတွေဟာ ယုံကြည်စိတ်ချရနိုင်ပါသလား?

🔰Sinovac နှင့် Sinopharm ဆေးဟာ အသက် (၁၈)နှစ်နဲ့ အထက်အတွက် ကာကွယ်ဆေးရဲ့အာနိသင် ထိရောက်မှုနဲ့ ယုံကြည်စိတ်ချရမှုအတွက် လေ့လာစမ်းသပ်ထားတဲ့ မှတ်တမ်းတွေရှိပါတယ်။

အသက် (၆၀) အထက်အရွယ်တွေမှာတော့ ကာကွယ်ဆေးထိုးလို့ရတယ်ဆိုပေမယ့် လေ့လာစမ်းသပ်ထားတဲ့အချက်အလက်တွေ အနည်းငယ်သာရှိတဲ့အတွက်ကြောင့် ဆေးထိုးပြီးတဲ့အခါ အနီးကပ်စောင့်ကြည့်နေပေးဖို့ လိုအပ်ပါတယ်။

❓ကာကွယ်ဆေး အာနိသင်ထိရောက်မှုက ဘယ်လောက်ထိကာကွယ်နိုင်ပါသလဲ?

🔰Sinovac

ဘရာဇီးလ်နိုင်ငံ၌ Sinovac ကိုဗစ်ကာကွယ်ဆေး (၂)ကြိမ်ကို (၁၄)ရက်ခြားထိုးပြီး လေ့လာစမ်းသပ်ခဲ့ရာ ဒုတိယအကြိမ်ဆေးထိုးပြီး (၁၄)ရက်အကြာမှာတော့ ကိုဗစ်ကူးစက်နိုင်မှုကို ၅၁%၊ ပြင်းထန်သောကိုဗစ်နှင့် ကိုဗစ်ကြောင့်ဆေးရုံတက်ရောက်မှုကို ၁၀၀% ကာကွယ်ပေးနိုင်ကြောင်းတွေ့ရှိရပါတယ်။

🔰Sinopharm

နိုင်ငံပေါင်းအစုံ၌ Sinopharm ကိုဗစ်ကာကွယ်ဆေး (၂)ကြိမ်ကို (၂၁)ရက်ခြားထိုးပြီး လေ့လာစမ်းသပ်ခဲ့ရာ ဒုတိယအကြိမ်ဆေးထိုးပြီး (၁၄)ရက်အကြာတွင် ကိုဗစ်ကူးစက်နိုင်မှုနှင့် ကိုဗစ်ကြောင့်ဆေးရုံတက်ရောက်မှုကို ၇၉% ကာကွယ်ပေးနိုင်ကြောင်းတွေ့ရှိရပါတယ်။

Sinopharm ဆေး၏အာနိသင်လေ့လာချက်များမှာတော့ တခြားသောရောဂါအခံရှိတဲ့သူများ၊ ကိုယ်ဝန်ဆောင်များနှင့် အသက်(၆၀) အထက်များနှင့် အမျိုးသမီးများကို လုံလုံလောက်လောက်ထည့်သွင်းစမ်းသပ်ထားခြင်းမရှိကြောင်း ဖော်ပြထားပါတယ်။

❓ကာကွယ်ဆေးကို ဘယ်လိုထိုးရမလဲ?

🔰Sinovac ကော Sinopharm ကော ကာကွယ်ဆေးနှစ်မျိုးလုံးကတော့ (၂)ကြိမ်ထိုးရပါမယ်။

💉Sinovac ကတော့ တစ်ကြိမ်နဲ့ တစ်ကြိမ် ၂ပတ် ကနေ ၄ပတ် ခြားပြီး ထိုးပေးရပါမယ်။ ဒုတိယတစ်ကြိမ်ကို ၂ပတ်မတိုင်ခင် စောထိုးမိရင်လဲ ထပ်ထိုးစရာမလိုပါဘူး။ ၄ပတ်ထက်နောက်ကျရင်တော့ အမြန်ဆုံးထိုးဖို့လိုအပ်ပါတယ်။

💉Sinopharm ကတော့ တစ်ကြိိမ်နဲ့တစ်ကြိမ် ၃ပတ် ကနေ ၄ပတ် ခြားပြီးထိုးပေးရပါမယ်။ Sinopharm ဆေးမှာလဲ ဒုတိယတစ်ကြိမ်ကို ၃ပတ်မတိုင်ခင် စောထိုးမိရင်ထပ်ထိုးစရာမလိုပါဘူး။ ၄ပတ်ထက်နောက်ကျရင်တော့ အမြန်ဆုံးထိုးဖို့လိုအပ်ပါတယ်။

❓ဒီကာကွယ်ဆေးတွေဟာ ကိုဗစ်ဆင့်ကဲပြောင်းလဲလာသောရောဂါပိုးအပေါ် ထိရောက်မှုရှိပါသလား?

🔰လတ်တလောအချိန်ထိ WHO Strategic Advisory Group of Experts (SAGE) မှ ထိုးနိုင်ကြောင်းထောက်ခံထားပါတယ်။

အသစ် အသစ်သော ရှာဖွေတွေ့ရှိချက်များထပ်မံထွက်ပေါ်လာရင်လဲ WHO မှ ထုတ်ပြန်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

❓ကာကွယ်ဆေးထိုးထားခြင်းဟာ ရောဂါပြန့်ပွါးမှုကိုကာကွယ်နိုင်ပါသလား?

🔰ကာကွယ်ဆေးထိုးထားခြင်းကြောင့် ရောဂါပြန့်ပွါးမှုကာကွယ်နိုင်ခြင်းအတွက် တိကျခိုင်မာတဲ့မှတ်တမ်းတွေ မရှိသေးပါဘူး။

ဒါကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က

🔹Mask တပ်ခြင်း
🔹လက်ဆေးခြင်း
🔹တစ်ဦးနဲ့ တစ်ဦး (၆)ပေ အကွာတွင်နေခြင်း
🔹လူစုလူဝေးရှောင်ရှားခြင်း
🔹လေဝင်လေထွက်ကောင်းအောင်ထားရှိခြင်း စသည်တို့ကို ဆက်လက်လုပ်ဆောင်သွားဖို့ အကြံပေးထားပါတယ်။

👉Covid ကာကွယ်ဆေးနှင့်ပတ်သက်သော ကျန်းမာရေးဗဟုသုတများတိုးပွားစေရန် ရည်ရွယ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO)မှ ဖော်ပြထားသည်များကို Zifam ကုမ္ပဏီမှ ယခုလိုတင်ဆက်ပေးထားခြင်းဖြစ်ပါသည်။

📌Ref:
WHO, 2021. World Health Organization. [Online]
Available at: https://www.who.int/…/the-sinovac-covid-19-vaccine-what…
[Accessed 3 August 2021].

WHO, 2021. World Health Organization. [Online]
Available at: https://www.who.int/…/the-sinopharm-covid-19-vaccine…
[Accessed 3 August 2021].

#COVID19 #vaccine

#Sinovac #Sinopharm

#zifam #CaringforWellbeing