Covidအလွန် စိတ်ကျန်းမာရေး
လူတစ်ယောက် ကျန်းမာနေတယ်လို့သတ်မှတ်ဖို့ဆိုရင် ကိုယ်ရော စိတ်ပါ ကျန်းမာနေရပါမယ်။ Covid 19 ရောဂါကနေပြန်လည်ကျန်းမာလာပြီလို့သတ်မှတ်တဲ့နေရာမှာ ရုပ်ပိုင်းဆိုင်ရာ ရောဂါလက္ခဏာတွေကိုပဲ အာရုံစိုက်မိကြတာများပါတယ်။ စိတ်ကျန်းမာရေးကိုလည်း မေ့လျော့မနေသင့်ပါ။
Lancet Psychiatry Journal(April 6, 2021) မှ သုတေသနစာတမ်းတစ်ခုအရဆိုရင် လူသုံးယောက်မှာ တစ်ယောက်ခန့်ဟာ Covid ဖြစ်ပြီး ခြောက်လအကြာမှာ စိတ်ကျန်းမာရေးဆိုင်ရာ နှင့် ဦးနှောက်အာရုံကြောကျန်းမာရေးဆိုင်ရာ ရောဂါများခံစားနေကြရပါတယ်။
အဆိုပါ သုတေသနစာတမ်းတွင် Covid ဖြစ်ပြီးပြန်လည်ကျန်းမာလာသူ ၂၃၆၀၀၀ ကျော်ကိုစမ်းသပ်ထားပြီး စိတ်ကျန်းမာရေးဆိုင်ရာ နှင့် ဦးနှောက်အာရုံကြောကျန်းမာရေးဆိုင်ရာ ရောဂါလက္ခဏာများကိုခြောက်လအကြာမှာစစ်ဆေးထားပါတယ်။ စစ်ဆေးချက်များအရ ၃၄% ခန့် (သို့) သုံးပုံတစ်ပုံခန့်ဟာ အဆိုပါ ရောဂါလက္ခဏာများကိုခံစားနေရတာကို တွေ့ရှိခဲ့ရပါတယ်။
အဖြစ်အများဆုံး စိတ်ကျန်းမာရေးဆိုင်ရာရောဂါများကတော့ စိုးရိမ်စိတ်များခြင်း (Anxiety)၊ စိတ်ခံစားချက်မူမမှန်ခြင်း (Mood Disorders)၊ အိပ်မပျော်ခြင်း (Insomnia) ဖြစ်ပါတယ်။
ဦးနှောက်အာရုံကြောဆိုင်ရာ ရောဂါများကတော့ ဖြစ်ပွားမှုနှုန်းနည်းပါတယ်။ အများဆုံးကြုံရတတ်တာကတော့ လေဖြတ်ခြင်း (Ischeamic Stroke)၊ ဦးနှောက်အတွင်းသွေးယိုစိမ့်မှုဖြစ်ခြင်း (Intracranial Heamorrhage)၊ အာရုံကြောဆိုင်ရာရောဂါများ (Nerve, nerve root, or plexus disorders) တို့ဖြစ်ပါတယ်။
စိတ်ကျန်းမာရေးဆိုင်ရာ နှင့် ဦးနှောက်အာရုံကြောကျန်းမာရေးဆိုင်ရာ ရောဂါများဟာ Covid ဖြစ်စဉ်က ပြင်းထန်အဆင့်ရှိသူများမှာပိုမိုခံစားရနိုင်ကြောင်းကိုလည်းတွေ့ရှိရပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အနေနဲ့လည်း စိတ်ကျန်းမာရေးဆိုင်ရာ နှင့် ဦးနှောက်အာရုံကြောဆိုင်ရာ ရောဂါခံစားနေသူများဟာ သာမန်လူများထက် Covid ကြောင့် အဆိုပါရောဂါများပိုမိုဆိုးဝါးနိုင်ပြီး အသက်သေဆုံးသည်အထိဖြစ်နိုင်ကြောင်းကို သတိပေးထားပါတယ်။
ဒါ့ကြောင့် Covid အလွန်ကာလမှာ လူနာများကို စိတ်ပိုင်းဆိုင်ရာ ဖေးမကူညီပေးခြင်း၊ အားပေးခြင်း၊ အဖော်ပြုပေးခြင်း တို့ပြုလုပ်ပေးပါ။ Covid 19 ဖြစ်ပြီးနောက်ပိုင်းမှာလည်း စိတ်ကျန်းမာရေးဆိုင်ရာ နှင့် ဦးနှောက်အာရုံကြောကျန်းမာရေးဆိုင်ရာ ရောဂါလက္ခဏာများကိုခံစားရပါက မပေါ့ဆသင့်ပဲ တတ်ကျွမ်းနားလည်တဲ့ဆရာဝန်များနဲ့တိုင်ပင်ကုသဖို့အကြံပြုတိုက်တွန်းနှိုးဆော်အပ်ပါတယ်။
Ref:
Taquet, M. et al., 2021. 6-month neurological and psychiatric outcomes in 236 379 survivors of COVID-19: a retrospective cohort study using electronic health records. The Lancet Psychiatry, Volume 8, pp. 416-427.
WHO, 2020. World Health Organization. [Online]
Available at: https://www.who.int/…/05-10-2020-covid-19-disrupting…
[Accessed 24 Aug 2021].