Covid 19 ထပ်ဖြစ်နိုင်ခြေရှိ/မရှိ
Covid ဖြစ်ပြီးသွားပြီ၊ Antibody ထွက်ပြီးပြီဆိုပြီးသတိလက်လွတ်မနေသင့်ပါဘူး။ အကြောင်းကတော့ Covid ဖြစ်ပြီးလို့ Antibody ထွက်ပြီးတဲ့သူတွေမှာတောင် နောက်တစ်ကြိမ်ထပ်မံကူးစက်ခံရနိုင်တဲ့အတွက်ဖြစ်ပါတယ်။
Covid ဖြစ်ပြီးလို့ Antibody ထွက်ပြီးပြီဆိုရင် ခြောက်လလောက်အထိကာကွယ်မှုရနိုင်တယ်လို့ ယခင်ကပြုလုပ်ထားတဲ့ သုတေသနစာစောင်များမှာဖော်ပြထားပါတယ်။ ဒါပေမယ့် အပြည့်အဝကာကွယ်မှုပေးနိုင်တယ်လို့မဆိုထားပါဘူး။ ပြောချင်တာကတော့ နောက်တစ်ကြိမ်ထပ်မံကူးစက်ခံရနိုင်တယ်ဆိုတာပါပဲ။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ Scientific Brief စာစောင် (May 10,2021) အရ Covid ကူးစက်ခံရဖူးသူများအနေနဲ့ ၇လအထိ နောက်တစ်ကြိမ်ကူးစက်ခံရမှုကို ၈၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိကာကွယ်မှုပေးပဲဖြစ်ပါတယ်။ ဆိုလိုတာက ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းလောက်ကပြန်ဖြစ်နိုင်ပါတယ်။ ဒါတောင် ၇ လအတွင်းသာဖြစ်ပြီး အချိန်ကြာလာတာနဲ့အမျှ ဖြစ်နိုင်ချေပိုများနိုင်ပါတယ်။
နောက်ထပ်အရေးကြီးတဲ့အချက်ကတော့ အသက် ၆၅ နှစ်အထက်လူကြီးတွေမှာဆိုရင် Covid နောက်တစ်ခါကူးစက်ခံရနိုင်ခြေ ၅၀ ရာခိုင်နှုန်းရှိပါတယ်လို့အဆိုပါ WHO စာစောင်မှာဖော်ပြထားပါတယ်။
ဒါ့ကြောင့် အသက် ၆၅ နှစ်အထက်ရှိတဲ့သူများအနေနဲ့ နောက်တစ်ကြိမ်ထပ်မံကူးစက်မှုကိုကာကွယ်နိုင်ဖို့အတွက် ကာကွယ်ဆေးထိုးခြင်း၊ Covid 19 ကာကွယ်ရေးနည်းလမ်းများဖြစ်တဲ့ ခပ်ခွာခွာနေခြင်း၊ Mask တပ်ခြင်း၊ လက်ဆေးခြင်းများကို Covid ဖြစ်ပြီးသွားရင်တောင်ပိုပြီးဂရုတစိုက်လုပ်ဆောင်ကြဖို့ March 17, 2021 ထုတ် Lancet Journal ရဲ့ သုတေသနစတမ်းတစ်ခုမှလည်းတိုက်တွန်းထားပါတယ်(Reference တွင်ကြည့်ရှုနိုင်ပါသည်)။
နောက်ထပ် တရုတ်နိုင်ငံ Beijing Ditan ဆေးရုံမှာပြုလုပ်ထားတဲ့သုတေသနစာတမ်း တစ်ခုမှာတော့ လူပေါင်း ၁၀၉ ယောက်ကိုစမ်းသပ်ရာမှာ ၂၇ ရာခိုင်နှုန်းခန့် Covid 19 ရောဂါထပ်မံကူးစက်ခံရပြီး ထပ်မံကူးစက်ခံရသူများအနက်မှ ၂၄ ရာခိုင်နှုန်းပဲရောဂါလက္ခဏာပြတာကိုတွေ့ရပါတယ်။ အဆိုပါစာတမ်းအရ နောက်တစ်ကြိမ်ကူးစက်ခံရသူတွေဟာ ရောဂါပိုးစစ်ဆေးလို့ Negative ထွက်ပြီးနောက် ၁၇ ရက်ခန့်မှာ Positive ပြန်ဖြစ်နိုင်တယ်လို့လည်းဆိုထားပါတယ်။
References
WHO, 2021. World Health Organization. [Online]
Available at: https://apps.who.int/iris/handle/10665/341241
[Accessed 16 Aug 2021].
Hansen, C., Michlmayr, D., Gubbels, S., Mølbak, K. and Ethelberg, S., 2021. Assessment of protection against reinfection with SARS-CoV-2 among 4 million PCR-tested individuals in Denmark in 2020: a population-level observational study. The Lancet, 397(10280), pp.1204-1212.
Chen, Z., Xie, W., Ge, Z., Wang, Y., Zhao, H., Wang, J., Xu, Y., Zhang, W., Song, M., Cui, S., Wang, X. and Pan, C., 2021. Reactivation of SARS-CoV-2 infection following recovery from COVID-19. Journal of Infection and Public Health, 14(5), pp.620-627.