Covid Antibody အကြောင်းသိထားသင့်သည်များ
Covid Antibody ဆိုတာက Covid ကူးစက်ခံရတဲ့နောက်မှာ ခန္ဓာကိုယ်မှာရှိတဲ့ခုခံအားက
Covid 19 ရောဂါပိုးကိုတိုက်ထုတ်ဖို့အတွက် ထုတ်ပေးလိုက်တဲ့ Molecules တွေကိုဆိုလိုပါတယ်။ ဒါ့ကြောင့် လတ်တလောရောဂါပိုးရှိ မရှိစစ်ဆေးတဲ့နေရာမှာသုံးလို့မရပဲ ရောဂါကူးစက်ဖူးခြင်းရှိ မရှိကိုပဲ ဖော်ပြပေးနိုင်ပါတယ်။
အမေရိကန်နိုင်ငံ Centers of Disease Control and Prevention (CDC) ကတော့ Covid ရောဂါပိုးဝင်ရောက်ပြီး ၁ ပတ်မှ ၃ ပတ်အကြာမှာ Antibody ထွက်တယ်လို့ဖော်ပြထားပါတယ်။ ဒါ့ကြောင့် Covid ရောဂါလက္ခဏာများပေါ်ပေါက်ပြီး (သို့) Covid Ag Test Positive ဖြစ်ပြီး ၁ပတ် မှ ၃ ပတ်အကြာမှပဲ Antibody Test ကိုစစ်သင့်ပါတယ်။ လေ့လာစမ်းသပ်မှုတွေအရတော့ Antibody ထွက်ပြီး ခြောက်လခန့် ထိနောက်တစ်ခါအလားတူရောဂါပိုးကူးစက်ခြင်းမှ ကာကွယ်နိုင်မှုအထိုက်အလျောက်ရှိကြောင်းဖော်ပြထားပါတယ်။ ၁၀၀ ရာခိုင်နှုန်း ခြောက်လအတွင်းကာကွယ်နိုင်မယ်လို့မဆိုလိုပါ။
Ig G နဲ့ Ig M
Ig G ဆိုတဲ့ အဓိပ္ပါယ်ကတော့ Immunoglobulin G ကိုဆိုလိုပါတယ်။ Ig G ဟာ Covid ကူးစက်ခံရပြီး တစ်ပတ်လောက်ကနေအစောဆုံးပေါ်တတ်ပြီး လပေါင်းများစွာ တစ်ခါတစ်ရံ နှစ်ပေါင်းများစွာအထိရှိနေတတ်ပါတယ်။ ဘယ်အချိန်ထိ သွေးထဲမှာရှိနေမလဲဆိုတာ တိတိကျကျတော့မသိရသေးပေမယ့် Ig G positive ဆိုရင်တော့ Covid ရောဂါကူးစက်ခံထားရဖူးပြီး Antibody ထွက်တယ်လို့သတ်မှတ်နိုင်ပါတယ်။
Ig M ဆိုတဲ့ အဓိပ္ပါယ်ကတော့ Immunoglobulin M ကိုဆိုလိုပါတယ်။ Ig M ဟာလည်း Ig G လိုပဲ Covid ကူးစက်ခံရပြီး တစ်ပတ်လောက်မှာအစောဆုံးပေါ်တတ်ပါတယ်။ ဒါပေမယ့် Ig M က သိပ်ပြီးအကြာကြီးမခံတတ်ပါဘူး။ နှစ်ပတ်လောက်ကနေ အများဆုံးလပိုင်းလောက်ပဲ သွေးထဲမှာရှိနေတတ်ပါတယ်။ ဒါ့ကြောင့် Ig M Positive ဖြစ်ရင် လတ်တလော ကူးစက်မှုခံထားရတယ်လို့သတ်မှတ်နိုင်ပါတယ်။
ဒီနေရာမှာ လူတိုင်းသိထားသင့်တဲ့အချက်က Antibody Test Positive ဆိုရင် Covid 19 ရောဂါကူးစက်ခံရဖူးတယ်လို့အဓိပ္ပါယ်ရပါတယ်။
Vaccine ထိုးထားဖူးသူတွေမှာလည်း Positive ဖြစ်နေနိုင်ပါတယ်။ Antibody ကခန္ဓာကိုယ်ထဲမှာဘယ်လောက်ကြာအောင်ရှိနေမလဲဆိုတာကိုတော့ အတိအကျမသိနိုင်သေးပါဘူး။ Antibody ထွက်တယ်ဆိုရင် Covid 19 ကိုအထိုက်အလျောက်ကာကွယ်နိုင်တယ်ဆိုပေမယ့် အပြည့်အဝကာကွယ်မှုရနိုင်တယ်လို့မဆိုလိုနိုင်ပါ။ ဒါ့ကြောင့် Antibody ထွက်ပြီးသားသူများလည်း ကာကွယ်ဆေးထိုးဖို့လိုအပ်ပါတယ်။
Antibody ထွက်ပြီးနောက်မှာလည်း
Mask တပ်ခြင်း၊ လက်ဆေးခြင်း၊ လူစုလူဝေးရှောင်ရှားခြင်းစတဲ့ Covid 19 ကာကွယ်ရေးလုပ်ငန်းစဉ်များကိုဆက်လက်လိုက်နာရပါမယ်။ False Positive လို့ခေါ်တဲ့ Covid လုံးဝမကူးစက်ခံထားရပေမယ့် Antibody Test မှာ Positive ဖြစ်နေတာမျိုးလည်းဖြစ်နိုင်တာကို သတိပြုသင့်ပါတယ်။
Antibody Test Negative ဆိုရင် Covid 19 ရောဂါကူးစက်ခံရဖူးခြင်းမရှိဘူးလို့အဓိပ္ပါယ်ရပါတယ်။ ဒါပေမယ့် ယခုအချိန်မှာကူးစက်ခံထားရခြင်းရှိ/မရှိကိုတော့မသိနိုင်ပါ။ Antibody ထွက်ရဲ့သားနဲ့လည်း Test Kit နဲ့စမ်းတဲ့အခါမှာ မပေါ်တဲ့ False Negative လည်းဖြစ်နိုင်ပါသေးတယ်။
Covid Vaccine ထိုးထားပြီးတဲ့သူကိုရော Antibody Test Kit နဲ့စစ်ဖို့လိုသလား
Covid Vaccine အပြည့်ထိုးထားတဲ့ သူတွေမှာ Antibody ထွက်မထွက် သိရဖို့အတွက် Antibody Test Kit နဲ့စစ်ဖို့အတွက်မလိုအပ်ပါဘူး။ စစ်ဖို့လည်း Recommend မပေးထားပါဘူး။ ဒါ့ကြောင့်ကာကွယ်ဆေး နှစ်ကြိမ်အပြည့်ထိုးထားတဲ့သူတွေမှာ ကာကွယ်မှုရပြီးသားလို့ပဲယူဆနိုင်ပါတယ်။
References
CDC, 2021. Centers of Disease Control and Prevention. [Online]
Available at: https://www.cdc.gov/…/antibody-tests-guidelines.html
[Accessed 5 Aug 2021].
CDC, 2021. Centers of Disease Control and Prevention. [Online]
Available at: https://www.cdc.gov/…/testing/serology-overview.html
[Accessed 5 Aug 2021].