Covid ကာကွယ်ဆေး Booster ထိုးဖို့လို/မလို
Covid ကာကွယ်ဆေးထိုးခြင်းနဲ့ပတ်သက်ပြီး ကာကွယ်ဆေးနှစ်ကြိမ်အပြည့်ထိုးပြီးသူတွေမှာ Booster ထပ်ထိုးဖို့အတွက်လိုမလိုဆိုတာကို နိုင်ငံတော်တော်များများမှာစဉ်းစားနေကြပါတယ်။ ထိုးတဲ့ကာကွယ်ဆေးအမျိုးအစားများ အပေါ်မှာလည်းမူတည်တဲ့အတွက် ဘယ်နိုင်ငံရဲ့ Guideline ကို အတည်ပြုကျင့်သုံးသင့်လဲဆိုတာလည်း ဒွိဟဖြစ်နေဆဲပါ။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့ လက်ရှိအချိန်အထိ ကာကွယ်ဆေးအမျိုးအစားပေါ်မူတည်ပြီး အပြည့်ထိုးထားရင် လုံလောက်မှုရှိတယ်လို့ဆိုထားပါတယ်။ Booster ထပ်ထိုးဖို့လို/မလိုကို ဖော်ပြထားခြင်းမရှိသေးပါ။
အမေရိကန်နိုင်ငံမှာလည်း Centers of Disease Control and Prevention (CDC) အဖွဲ့နှင့် FDA တို့မှပူးပေါင်းထုတ်ပြန်ချက် (July 8, 2021)အရ ယခုလက်ရှိအချိန်အထိ ကာကွယ်ဆေးနှစ်ကြိမ်အပြည့်ထိုးထားတဲ့ အမေရိကန်နိုင်ငံသားများအနေနဲ့ တတိယအကြိမ် Booster ထပ်ထိုးဖို့အတွက်မလိုအပ်သေးဘူးလို့ဖော်ပြထားပါတယ်။ ဒါပေမယ့် FDA၊ CDC နှင့် NIH တို့မှသုတေသနများဆက်လက်လုပ်ဆောင်နေပြီး တတိယအကြိမ် Booster ထိုးဖို့လိုအပ်မယ်ဆိုရင်လည်းကြိုတင်ပြင်ဆင်ထားကြောင်းဖော်ပြထားပါတယ်။
အင်္ဂလန်နိုင်ငံထုတ် BMJ ဆေးပညာဂျာနယ် (June 29, 2021) အရ Oxford AstraZeneca ကာကွယ်ဆေးထိုးထားတဲ့သူတွေမှာ ပထမအကြိမ် နှင့် ဒုတိယအကြိမ်ကို ၁၀ လခြားပြီးထိုးထားသူများနှင့် တတိယအကြိမ် Booster ထိုးထားသူတွေမှာ ကိုယ်ခံအားကိုပိုမိုမြှင့်တင်ပေးနိုင်တယ်လို့လည်းဖော်ပြထားပါတယ်။ အဆိုပါ သုတေသနစာတမ်းအရ တတိယအကြိမ် Booster ထိုးပြီး ၂၈ ရက်အကြာမှာထွက်တဲ့ Antibody ပမာဏ ဟာ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးပြီး ၂၈ ရက်အကြာမှထွက်တဲ့ Antibody ပမာဏထက်သိသိသာသာပိုများတယ်လို့လည်းဖော်ပြထားပါတယ်။ ဒါပေမယ့်လည်း Booster ထပ်ထိုးဖို့အတွက်လိုအပ်မှုရှိ/မရှိကို သုတေသနများစွာလိုအပ်နေပြီး ယနေ့အချိန်အထိတော့ မလိုအပ်သေးကြောင်း The Oxford Vaccine Group ၏ဒါရိုက်တာ Andrew Pollard ကပြောကြားထားပါတယ်။
အချုပ်အားဖြင့်ပြောရရင် တိကျခိုင်မာတဲ့ Booster ထိုးဖို့လို/မလို သုတေသနစာတမ်းများဆက်လက်လုပ်ဆောင်နေဆဲဖြစ်တဲ့အတွက် ယခုလက်ရှိအချိန်အထိ ကာကွယ်ဆေးနှစ်ကြိမ်ထိုးထားလျှင် လုံလောက်တယ်လို့ယူဆနိုင်ပါတယ်။ မိမိအနေနဲ့ Booster ထိုးဖို့ဆန္ဒရှိနေရင်လည်း တတ်ကျွမ်းနားလည်တဲ့ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီးမှထိုးသင့်ပါတယ်။
မှတ်ချက်။ ။ယခုဖော်ပြထားချက်များသည် (Aug 12, 2021) အချိန်အထိလေ့လာတွေရှိချက်များကိုအခြေခံထားခြင်းဖြစ်သည့်အတွက် အချိန်အခါအားလျော်စွာပြောင်းလဲမှုများရှိနိုင်ပါသည်။
References
Mahase, E., 2021. Covid-19: Third vaccine dose boosts immune response but may not be needed, say researchers. [Online]
Available at: https://www.bmj.com/content/373/bmj.n1659
[Accessed 12 Aug 2021].
HHS, 2021. hhs.gov. [Online]
Available at: https://www.hhs.gov/…/joint-cdc-and-fda-statement…
[Accessed 12 Aug 2021].
WHO, 2021. World Health Organization. [Online]
Available at: https://www.who.int/…/vaccine-efficacy-effectiveness…
[Accessed 12 Aug 2021].
#booster #vaccine
#covid #washinghands
#staysafe #stayhome #wearingmasks
#zifam #CaringforWellbeing